Trash Day

December 13 2015

၁၃.၁၂.၂၀၁၅ (တနင်္ဂနွေ)၊ ဒီနေ့ အမေစုရဲ့ ကြိုတင်နှိုးဆော် လမ်းညွှန်ချက်နဲ့အတူ မြန်မာတစ်နိုင်ငံလုံး နေရာဒေသ အသီးသီးမှာ အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့အတူ အမေစုကိုယ်တိုင် ပါဝင်ပြီး အမိှုက်တွေ ကောက်ကြတဲ့ သတင်းတွေ ဓါတ်ပုံတွေ Facebook ကနေတစ်ဆင့် မြင်ရ ဖတ်ရှု့ရတာ တော်တော်ကို အားရဝမ်းသာစရာကောင်းပါတယ်။
ကိုယ်တိုင်ကတော့ ပြည်ပမှာ ရောက်ရှိနေတဲ့ အတွက် ပါဝင်ခွင့် မရတာကို အလွန်စိတ်မကောင်း ဖြစ်မိပါတယ်။ အမိနိုင်ငံကို ပြန်ရောက်ရင်တော့ အရင်ကထက် ပို၍ ပို၍ စည်းကမ်းရှိအောင် နေထိုင်ရင်းနဲ့ပဲ ယခုအကြွေးကို ပေးဆပ်မယ်လို့ စိတ်ထဲမှာ ခံယူထားလိုက်ပါတယ်။

အခုလို နေရာတိုင်းမှာ အမိှုက်တွေ လုံးဝရှင်းလင်းသွားရင်တော့ ကျွန်တော်တို့ နိုင်ငံကြီးဟာ အတော်ကြီးကို လှလှပပ သာသာယာယာ ဖြစ်လိမ့်မယ်လို့ တွေးပြီး ကြည်နူးရပါတယ်။ ရှေ့ဆက်လက်ပြီးတော့သာ ကိုယ်စီကိုယ်ငှ အသိစိတ်ဓါတ်လေးနဲ့ စည်းကမ်းတစ်ကျ အမိှုက်စွန့်ပစ်ခြင်း၊ ကွမ်းသွေးထွေးခြင်းတို့ကို ထိန်းထိန်းသိမ်းသိမ်း လိုက်နာသွားကြရင်တော့ သိပ်မဝေးတော့တဲ့ အနာဂါတ်မှာ စင်ကာပူနိုင်ငံရဲ့ သန့်ရှင်းမှုလောက်ကို စာဖွဲ့ဖို့ မလိုတော့ပါဘူးလို့ ယုံကြည်ပါတယ်။

ဒီနေ့ လှုပ်ရှားမှုလေးတွေကို ဖတ်ရတော့၊ မြို့တော်ထဲက အမိှုက်တွေနဲ့ ပက်သက်ပြီး လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်ခန့်က ကျွန်တော့်ရဲ့ မသိစိတ်ထဲမှာ မသိမသာ ခိုးလို့ခုလု ဖြစ်ခဲ့မိသေးတာပါလား ဆိုတာကို ရုတ်တရက် အမှတ်ရမိသွားပါတယ်…

Dip.CA တက်ခဲ့စဥ်တုန်းက နောက်ဆုံးပိတ် Final project အတွက် Character Animation သုံးမိနစ်စာ ဇာတ်လမ်းတိုလေး တစ်ခုတင်ရပါမယ်။ ကျောင်းက ဆယ်ယောက်ကို တစ်ဖွဲ့စီနဲ့ အဖွဲ့ငယ်လေးတွေ ဖွဲ့ပေးပါတယ်၊ ကျွန်တော်ပါတဲ့ အဖွဲ့ထဲမှာ ကျွန်တော်က အသက်အကြီးဆုံးဖြစ်တာကြောင့် အားလုံးက Group leader လုပ်ခိုင်းကြပါတယ်၊ (အမှန်တော့ အငယ်တွေ အနိုင်ကျင့်တာ ခံလိုက်ရတာပါ) Group leader က တာဝန်ကြီးပါတယ်၊ Project စစ်မယ့်နေ့မှာတောင် Leader တစ်ယောက်ထဲကိုပဲ ဆရာတွေက တစ်ခုခြင်း စစ်မေးတာဖြစ်လို့ အားလုံးအတိအကျ သိနေဖို့လိုပါတယ်။

ပထမဆုံး ခေါင်းစားတာကတော့ ဘာဇာတ်လမ်းကို ရိုက်ပြကြမလဲ ဆိုတာပါပဲ။ တစ်ကယ်ဆို ကျွန်တော့်မှာလဲ ဘာအိုင်ဒီယာမှ မရှိသေးပါဘူး၊ သူများတွေနဲ့ မတူအောင်လုပ်ချင်တဲ့ စိတ်တစ်ခုပဲ ရှိပါတယ်။ အဲ့ဒီတော့ ကျွန်တော်က ဇာတ်လမ်းကို မစဥ်းစားတော့ပါဘူး၊ ငါ ဘာ Effect တွေ ပြချင်လဲ၊ Animation တစ်ခုလုံးကို model တွေ ခက်ခက်ခဲခဲ အများကြီးဆောက်စရာ မလိုပဲနဲ့ ရိုက်လို့ရမယ့် နည်းတွေကိုသာ ဦးစားပေး စဥ်းစားလိုက်ပြီး ဇာတ်လမ်းကို အဲ့ဒီဟာတွေ အကုန်ပါအောင် ဆင်မယ်လို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အဖွဲ့သားတွေကတော့ ကျွန်တော် ဘာပြောပြော အိုကေကြီးပါပဲ (နားအေးပြီးရောလေ)။

အချိန်က တစ်လပဲ ရတယ် ကွန်ပျူတာတွေကို အဖွဲ့အလိုက် အချိန်ဇယားနဲ့ သုံးရတယ်၊ အချိန်ပြည့် စိတ်ကြိုက် သုံးလို့မရပါဘူး။ ကိုင်ရမယ့်စက်တွေကလည်း Apple iMac ရောင်စုံ ချစ်စရာလေးတွေ၊ တစ်ကယ်လဲ ကိုင်ရော စီဒီအခွေ ထည့်ပြီး ပြန်မထုတ်တတ်လို့ supervisor ဆရာခေါ်ပြီး ပြန်ထုတ်ခိုင်းရပါတယ်။ အဲဒီမှာ “အမိှုက်” က ဘယ်တုန်းက ကျွန်တော့် စိတ်ထဲရောက်နေတယ် မသိပါဘူး၊ အမိှုက်ကို အ​ခြေခံတဲ့ ရိုးရိုးရှင်းရှင်း ဇာတ်လမ်း (ဇာတ်လမ်းဆိုတာထက် တိုတိုလေးမို့ scene ဇာတ်ဝင်ခန်းလေး တစ်ခုလို့ပဲ ပြောရမှာပါ) လေးတစ်ခုက ခေါင်းထဲ အလိုလိုရောက်လာတာပါပဲ..။

အဲဒီဇာတ်ကွက်လေးအတွက် Storyboard (ရိုက်ညွှန်း) စဆွဲရတယ်၊ ကံကောင်းချင်တော့ အဖွဲ့ထဲမှာ ပန်းချီကောင်းကောင်းရေးတတ်တဲ့ ညီလေးတစ်ယောက် ပါလာတော့ အဆင်ပြေသွားတယ်၊ Animators တွေ အတွက် Storyboard က တစ်ကယ့် အသက်ပါပဲ။ Storyboard ထဲမှာ ဆွဲထားတဲ့ အဆောက်အဦတွေ characters တွေ၊ Camera angel တွေအတိုင်းရအောင် ကွန်ပျူတာထဲမှာ လိုက်ဆွဲရတာ ဆိုတော့ Storyboard ဆွဲတာတင် ဖျက်လိုက် ြပင်လိုက်နဲ့ လေးရက်လောက် အချိန်ယူသွားပါတယ်။

Free Tickets to Golden City” (ရွှေမြို့တော်ဆီသို့ အခမဲ့ လက်မှတ်များ) လို့ အမည်ပေးလိုက်တယ်။ အဓိက,က Animations နဲ့ modelling ဘယ်လောက် လုပ်နိုင်လဲ ဆိုတာကို စစ်တာဆိုတော့ “Dialogue” စကားပြောခန်းကို လုံးဝ ထည့်မထားပါဘူး၊ အရုပ်နဲ့ပဲ နားလည်အောင် ပြချင်တဲ့ ရည်ရွယ်ချက်လဲပါတာပေါ့..။

တိတ်ဆိတ်နေတဲ့ မြို့လေးတစ်မြို့ကို အသေးစိတ် လှည့်ပါတ်ပြတယ်၊ လမ်းပေါ်မှာ လူတွေ၊ ကားတွေ လှုပ်ရှားသွားလာနေကြတယ်။ လူတွေရဲ့ မျက်နှာမှာ အပျော်တွေ ပျောက်ဆုံးနေပြီး ခေါင်းငိုက်စိုက်ချ သွားနေကြတယ်။ လမ်းဘေးမှာလဲ အမိှုက်တွေက ပွလို့၊ တိုက်နံရံတွေမှာလဲ ညစ်ပတ်ပေရေလို့…

တစ်နေရာမှာ လမ်းလျှောက်လာနေတဲ့ ကလေးငယ်ဘေးက သူ့ရှေ့လမ်းပေါ်မှာ ကျနေတဲ့ ငှက်ပျောခွံလေးကို ကောက်ပြီး ဖရိုဖရဲဖြစ်နေတဲ့ အမိှုက်ပုံးလေးထဲကို အဖုံးဖွင့်ပြီး ထည့်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ အမိှုက်ပုံးနောက်ဘက်က အုတ်နံရံကြီးက စူးရှတဲ့ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ရေပွက်ကြီးသဖွယ် ပေါ်လာပါတယ်။ ဒါကို ဘေးနားက လမ်းသွားလမ်းလာတွေကလည်း ကြောင်ပြီးကြည့်နေကြတဲ့အချိန် ကလေးငယ်က ကြောက်ရွံ့ပြီး နောက်ကို ဖြည်းဖြည်းချင်း ဆုတ်သွားပါတယ်။ အတန်ကြာတဲ့အထိ ရေပွက်ကြီးက အုတ်နံရံပေါ်က မပျောက်သေးတာကြောင့် ကလေးငယ်က စူးစမ်းစိတ်နဲ့ အုတ်နံရံဆီ ရှေ့တိုးသွားပြီး ရေပွက်ကို လက်နဲ့စမ်းကြည့်တဲ့ အခါမှာ သူ့လက်က ကျွံဝင်သွားလို့ လန့်ဖျတ်ပြီး လက်ကို နောက်ပြန်ရုတ်လိုက်ပါတယ်။ ဒါမယ့် အတန်ကြာတော့ နောက်တစ်ကြိမ် ရှေ့တိုး တိုးပြီးထပ်စမ်းတဲ့အခါ လက်ကနေစပြီး ကျွံဝင်သွားလိုက်တာ နံရံရဲ့ အခြားတစ်ဖက်စီ ရောက်သွားပါတယ်။ အဲဒီအခါမှာတော့ အုတ်နံရံပေါ်က ရေပွက်လည်း အလင်းတန်းနဲ့အတူ ဖြည်းဖြည်းချင်း ပျောက်ပြီး နံရံအတိုင်းသာ ကျန်ခဲ့ပါတော့တယ်။ ကလေးကတော့ နံရံရဲ့ အခြားတစ်ဖက်ကို ရောက်သွားပါတယ်။ ဒီလိုနဲ့ ဝိုင်းကြည့်နေကြတဲ့ လူအုပ်ထဲက တစ်ယောက်က သူ့ရှေ့နားက အမိှုက်တစ်ခုကို ကောက်ယူပြီး အမိှုက်ပုံးထဲ ထည့်လိုက်တဲ့အခါ စောစောကလိုပဲ အုတ်နံရံမှာ အလင်းတန်းနဲ့ ရေပွက်ကြီး ပေါ်လာပြန်ပါတယ်၊ သူလည်း အုတ်နံရံကို ထွင်းဖောက်လို့ အခြားတစ်ဘက်စီကို ဝင်ရောက်သွားခဲ့ပါတယ်။ ကျန်ခဲ့တဲ့ သူများကလည်း ထိုနည်း၎င်း အမိှုက်ကို ပုံးထဲ ကိုယ်စီစွန့်ပစ်ရင်း နံရံရဲ့ အခြားတစ်ဘက်ဆီကို ဝင်နေကြပါတယ်။

နံရံရဲ့ အခြားတစ်ဘက်မှာတော့ အလွန်သန့်ရှင်း သပ်ရပ်လှပတဲ့ မြို့တော်ကြီးနဲ့ အတူ လူသားအားလုံးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ လှုပ်ရှားသွားလာနေကြလေသတည်း…ပေါ့။

သုံးမိနစ်လုံးလုံးကို အရုပ်နဲ့ ကိုက်ညီမယ့် နောက်ခံတေးဂီတတွေနဲ့ Sound effects များနဲ့သာ တင်ပြသွားခဲ့တာပါ။ အဲ့ဒီ သင်တန်း အပါတ်စဥ်အတွက် Animation ပထမဆုရခဲ့ပါတယ်။ သေချာပြန်တွေးကြည့်ရင် အခြားအဖွဲ့တွေက ကျွန်တော်တို့ထက်ပိုပြီး modelling ဆောက်တာတွေ Animation လုပ်တာတွေ ပိုကောင်းတယ်လို့ ထင်မိပါတယ်။ Project တစ်ခုလုံးပြီးသွားမှ ပြန်စမ်းစစ်ကြည့်မိတာက ငါ့ဟာက ပေါ်လစီ (ပညာပေး)များဆန်သွားလားလို့ပေါ့…

အဲ့ဒီခေတ်အခါ အနေနဲ့ဆိုရင် ပေါ်လစီဆန်ကောင်း ဆန်သွားပါလိမ့်မယ် ဒါပေမယ့် ဒါကို ကျွန်တော် မရည်ရွယ်ခဲ့ရိုးအမှန်ပါ၊ စိတ်ထဲမှာ ကိုယ်လုပ်ပြချင်တဲ့ Effects တွေနဲ့ မသိစိတ်ထဲက အမိှုက်တွေကသာ ဒီ project လေးကို ဖန်တီးသွားခဲ့တာပါ။ အခုပြန်တွေကြည့်တော့လည်း အဲဒီ Animation လေးက တော်တော်လည်း ကလေးဆန်တဲ့ စိတ်ကူးပါလားလို့..

၂၀၁၅၊ အခုတစ်ကယ့် မျက်မှောက် ကာလမှာတော့ ကမ္ဘာအသိမှတ်ပြု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပါ ကိုယ်တိုင်ကိုယ်ကျ အမိှုက်ကောက်ပြလိုက်တော့ ကျွန်တော်တို့ နိုင်ငံကြီးလဲ မကြာမီမှာ အမည်ခံသက်သက် မဟုတ်တဲ့ တစ်ကယ့် Golden Land ကြီး ဖြစ်လာမှာ ြမင်ယောင်မိပါသေးတော့သည်..။